"မတရားမှူအောက် ဒူးထောက်တဲ့ အောက်တန်းစား ပညာတတ်မျိုးတော့ ဘယ်တော့မှဖြစ်မခံဘူး"
Professor Dr Khin Mg Lwin
ဆေးတက္ကသိုလ် – မန္တလေး ကျောင်းသားများသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အာဏာကို အတင်းအဓမ္မ စတင်လုယူသွားသော ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကပင် ဖက်ဆစ်စစ်တပ်၏လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့ကာ စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ငန်းများကို ယနေ့အချိန်ထိ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါသည်။
ထို့အတူ ဆေးတက္ကသိုလ် – မန္တလေးကျောင်းသားထုမှာလည်း အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်နေသောလအတွင်း မည်သည့်နည်းဖြင့်ခြိမ်းခြောက်ပါစေ လုံးဝဥဿုံ ကျောင်းဆက်တက်မည်မဟုတ်ကြောင်း အတန်းလိုက် စာထုတ်ပြန်ကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြောင်းလည်း အများသူငှာ သိရှိပြီးသားဖြစ်သည်။ ထိုမျှသာမက ဆေးတက္ကသိုလ် – မန္တလေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာဆရာမများနှင့် ဝန်ထမ်းပေါင်းစုံတို့သည်လည်း စစ်အာဏာရှင်လက်ထက်တွင် အာဏာဖီဆန်သည့်အနေဖြင့် ရုံးပြန်မတက်ပဲ CDM ပြုလုပ်နေခဲ့ကြသည်မှာလည်း ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ဆေးတက္ကသိုလ် – မန္တလေး၏ ကျောင်းသားထု၊ ဆရာထုနှင့် ဝန်ထမ်းထုတို့သည် ဤတရားမဝင်သော ဖက်ဆစ်စစ်ကောင်စီ၏ အမိန့်ဟူသမျှကို ဆန့်ကျင်သပိတ်မှောက်ခဲ့ရာ အနာဂတ်တွင်လည်း ထိုသို့ပင်ဇွဲလျှော့ခြင်းမပြုပဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သန္ဓိဋ္ဌာန်ချထားသည်မှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် အနာဂတ်တွင် အမိကျောင်းတော် ဆေးတက္ကသိုလ် – မန္တလေးအား အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေတို့ထိန်းချုပ်မည့် အုပ်ချုပ်ရေးယန္တရားရန်အား ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ် – မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီအား ကျောင်းသားထု၊ ဆရာထု၊ ဝန်ထမ်းထုတို့၏ ဘုံသဘောတူညီချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၅ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။